International News

ဘရပ်ဆဲလ်လေကြောင်းလိုင်းအား ဆယ်တင်ရေးအတွက် ဘယ်လ်ဂျီယံနှင့် Lufthansa တို့ သဘော တူညီမှုရရှိ

Last Updated:

ဘရပ်ဆဲလ်လေကြောင်းလိုင်းအား ဆယ်တင်နိုင်ရေးနှင့်ပတ်သက်၍ ဘယ်လ်ဂျီယံအာဏာ ပိုင်များနှင့် Brussels Airlines၊ ယင်း၏ မိခင်ကုမ္ပဏီ ဖြစ်သည့် ဂျာမနီနိုင်ငံမှ Lufthansa တို့အကြား သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။ သဘောတူညီချက်မှာ အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူရန် လိုအပ်နေဆဲဖြစ်ပြီး၊ အတည်ပြုခဲ့ပါက ဘရပ်ဆဲလ်လေကြောင်းလိုင်းအနေဖြင့် ချေးငွေယူရို (၂၉၀) သန်းရရှိမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း၏ရိုက်ခတ်မှုကြောင့် အဆိုပါ လေကြောင်းလိုင်း၏ လေယာဉ်များအားလုံးမှာ (၃) လကြာရပ်နားထားရပြီး၊ ကုမ္ပဏီ၏ ဝန်ထမ်းများမှာလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြရသည်။ ဘဏ္ဍာရေးအခက်အခဲကြောင့် ဘရပ်ဆဲလ်လေကြောင်းလိုင်းသည် လာမည့် သြဂုတ်လတွင် လေယာဉ်ပျံသန်းပြေးဆွဲမှုများ ပြန်လည်စတင်နိုင်ရေး ဆိုင်းငံ့ ထားရခြင်းဖြစ်သည်။

ဘရပ်ဆဲလ်လေကြောင်းလိုင်းအနေဖြင့် အဆိုပါချေးငွေကို ၂၀၂၆ ခုနှစ်တွင် ပြန်လည်ပေးဆပ် ရမည်ဖြစ်သည်။ မိခင်ကုမ္ပဏီ Lufthansa အနေဖြင့်လည်း ဆယ်တင်ရေးအတွက် ယူရို (၁၇၀) သန်း ကိုအသုံးပြုသွားရန် ကတိကဝတ်ပြုထားသည်။ ယူရို (၇၀) သန်းကို လျှင်မြန်စွာ ပြောင်းလဲဖွဲ့စည်းနိုင်ရေး (restructuring) အတွက် အသုံးပြုသွားမည်ဖြစ်ပြီး၊ ကျန်ငွေများကို ဘဏ္ဍာရေးခိုင်မာမှု အတွက်သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ဂျာမန်အလုံးစုံပိုင်ဆိုင်သွားပြီဖြစ်သည့် အဆိုပါ လေကြောင်းကုမ္ပဏီ၏ ဘယ်လ်ဂျီယံနိုင်ငံတွင် ခိုင်မာစွာရပ်တည်မှုနှင့် အနာဂတ်အာမခံပေးမှု ဆိုင်ရာအခြေအနေများကို ဘယ်လ်ဂျီယံနိုင်ငံအစိုးရက တိုက်တွန်းခဲ့သည်။  ယခုသဘောတူညီချက်သည် Brussels Airlines အမှတ်တံဆိပ်ရှင်သန်ရေးကို အာမခံပေးထားပြီး၊ ကုမ္ပဏီ၏ရုံးချုပ်မှာမူ ဘရပ်ဆဲလ်တွင်သာ ဆက်လက်အခြေစိုက်မည်ဖြစ်သည်။ လေကြောင်း ကုမ္ပဏီအနေဖြင့် ဘယ်လ်ဂျီယံ လိုင်စင်အောက်မှ ဆက်လက်ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး၊ Lufthansa က ဘရပ်ဆဲလ် လေဆိပ်၌ လုပ်ငန်း လည်ပတ်မှုများတွင် ရင်းနှီးမြှုပ်နှံရန် အာမခံထားကြောင်းသိရသည်။

ဘရပ်ဆဲလ်လေကြောင်းလိုင်းအနေဖြင့် လုပ်သားအင်အား၏ သုံးပုံတစ်ပုံခန့်ပမာဏကို လျှော့ချရန် စီစဉ်ထားသော်လည်း အလုပ်သမားအဖွဲ့ အစည်းများနှင့် ဆွေးနွေးပြီးနောက် ယင်းအရေ အတွက်ကိုပြန်လည်လျှော့ချခဲ့သည်။ ယခုသဘောတူညီချက်အရ Lufthansa ကုမ္ပဏီသည် ဝန်ထမ်းနှင့် fleet expansion တို့တွင် ရင်းနှီးမြှုပ်နှံရန် ကတိကဝတ်များလည်းပါဝင်သည်။ သဘောတူညီချက်ပါအချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်မှု သေချာစေရေး အတွက် ဘယ်လ်ဂျီယံနိုင်ငံ အစိုးရအနေဖြင့် ဘရပ်ဆဲလ်လေကြောင်းလိုင်းဘုတ်အဖွဲ့ဝင် (၂) ဦးကို ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

(စီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ်  -   (Vrt NWS)

 

Category: International News